ကလေးတွေကို သင်ပေးသင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်များ
လူတိုင်းနီးပါး ကိုဗစ်ရောဂါတွေ ဖြစ်ပြီးကြပြီမို့ တစ်ကိုယ်ရည်သန့်ရှင်းရေးဟာ ကျန်းမာရေးအတွက် အရမ်းကို အရေးပါတဲ့ အရာမှန်းလည်း သတိထားမိကြပြီ ထင်ပါတယ်နော်။
အစကောင်းမှ အနှောင်းသေချာ ဆိုသလို ဖြစ်ရအောင် တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်တွေကို ကလေးအရွယ် ငယ်စဥ်တည်းက သင်ပေး၊ လေကျင့်ပေးသင့်ပါတယ်။ ကလေးတွေဆိုတာ ရွှံတွေ၊ ဖုန်တွေသဲတွေ ကိုင်တွယ်ကစားတတ်သလို တွေ့ကရာကိုင်တွယ်တတ်၊ တွေ့တဲ့နေရာမှာ ထိုင်ချ၊ လှဲအိပ်တာမျိုးလည်း လုပ်တတ်တာမို့ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေလည်း များပါတယ်။
ကလေးတွေကို တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း ဘာတွေသင်ပေးရမလဲ?
- လက်ဆေးရန် - လက်တွေက ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေပါ။ လက်တွေမှာ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ရောဂါပိုးတွေ ကပ်တွယ်နေနိုင်တာမို့ အိမ်သာဝင်ပြီးတိုင်း၊ အစာမစားခင်နဲ့ အစာစားပြီးတိုင်း၊ ဆော့ကစားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောဖို့ သင်ပေးရပါမယ်။ လက်မဆေးဘဲ မျက်နှာအစိတ်အပိုင်းတွေကို မကိုင်တွယ်မိအောင်လည်း သင်ပေးထားပါ။
- ပုံမှန်ရေချိုးရန် - ခန္ဓာကိုယ်မှာ ကပ်ငြိနေနိုင်တဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ ကင်းစင်ဖို့ နေ့စဥ်ရေချိုးရမှာက တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အရေးကြီးကြောင်းလည်း သင်ပေးသင့်ပါတယ်။
- ခေါင်းလျှော်ရန် - ဦးရေပြားသန့်ရှင်းပြီး ရောဂါကင်းဖို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် ခေါင်းလျှော်သင့်ကြောင်း သင်ပေးရပါမယ်။
- အိပ်သာရေဆွဲချရန်၊ ရေလောင်းရန် - အိမ်သာဆိုတာ အညစ်အကြေးတွေ၊ ရောဂါပိုးတွေ အမြဲရှိနေတဲ့ နေရာပါ။ အညစ်အကြေးစွန့်ပြီးတိုင်း ရေဆွဲချဖို့၊ သေချာရေလောင်းဖို့ ငယ်စဥ်တည်းက စွဲနေအောင် သင်ထားသင့်ပါတယ်။
- အိမ်သာဝင်ပြီးတိုင်း သန့်ရှင်းရေး လုပ်တတ်ရန် - ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါ၊ တိုက်ဖွိုက်ရောဂါ၊ အသည်းရောင်အသားဝါအေရောဂါ စတဲ့ ရောဂါတွေဟာ Fecal-oral Route လို့ခေါ်တဲ့ အညစ်အကြေးပေနေတဲ့ လက်နဲ့ အစားအစာတွေ ကိုင်တွယ်မိရာက ကူးစက်နိုင်တဲ့ ရောဂါတွေပါ။ ဒါကြောင့် အိမ်သာဝင်ပြီးတိုင်း အညစ်အကြေးတွေကို စင်ကြယ်အောင် ကိုယ့်ဘာသာ သန့်ရှင်းရေး လုပ်တတ်ဖို့ သေချာသင်ထားပါ။
- လက်သည်းခြေသည်းညှပ်ရန် - လက်သည်းခြေသည်းထဲက ဂျီးတွေဟာ ရောဂါပိုးတွေ ခိုအောင်းနေနိုင်တဲ့ နေရာမို့ လက်သည်းခြေသည်းကို တိုတိုညှပ်ထားဖို့ သင်ပေးရပါမယ်။
- အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တတ်ရန် - ကလေးဆိုတာ ဆော့တတ်ကစားတတ်တာ မှန်ပေမယ့် အမြဲတမ်းပေတူးနေလို့တော့ မဖြစ်ပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တတ်အောင် သင်ရပါမယ်။
- အသီးအရွက်တွေ၊ သစ်သီးတွေကို ရေသေချာဆေးကြောပြီးမှ စားရန် - ပိုးသတ်ဆေးတွေ ဒင်းကြမ်းသုံးနေကြတဲ့ ခေတ်မှာ အသီးအရွက်တွေ၊ သစ်သီးတွေမှာ ကပ်ငြိကျန်နေနိုင်တဲ့ ပိုသတ်ဆေး အကြွင်းအကျန်တွေကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။ ဒါကြောင့် သေချာရေဆေးပြီးမှ၊ ဆားရည်စိမ်ပြီးမှ စားဖို့ သင်ထားပေးပါ။
- ချောင်းဆိုးနှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားတတ်ရန် - ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ ရောဂါပိုးမွှားနဲ့ သလိပ်တွေက ၁၀ ပေခန့် အကွာအဝေးထိ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် covid လို ရောဂါတွေ အသက်ရှူလမ်းကြောင်းကတဆင့် မကူးစက်နိုင်စေဖို့ ချောင်းဆိုးနှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားတာက ယဥ်ကျေးတဲ့ အပြုအမူဖြစ်ကြောင်း သင်ထားရပါမယ်။
ကလေးတွေကို သင်ပေးရမယ်ဆိုတဲ့အခါ လူကြီးတွေကလည်း ဒီလိုတစ်ကိုယ်ရည် သန့်ရှင်းရေး အလေ့အကျင့်တွေကို စံနမူနာပြပြီး ဦးဆောင်လုပ်ပြဖို့ လိုပါတယ်နော်။ ကလေးရော လူကြီးတွေပါ တစ်ကိုယ်ရည် သန့်ရှင်းရေး အလေ့အကျင့်တွေ စွဲမြဲပြီး ကျန်းမာသန့်ရှင်း ရောဂါကင်းနိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်